top of page

ရခိုင်မြို့ရွာများအားဗုံးကြဲခြင်း၊ အရပ်သားရခိုင်ပြည်သူများအားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း

၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက် စာအမှတ် ၀၂/ ၂၀၂၀





မြန်မာစစ်တပ်သည် ရခိုင်ပြည်အတွင်း၌ ရခိုင်အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသတ်ဖြတ်ခြင်းများကို ရည်ရွယ်ချက် ရှိရှိဖြင့်ဆက်တိုက်လုပ်ဆောင်တိုက်ခိုက်လျှက်ရှိပေသည်။ မြန်မာစစ်တပ်အနေဖြင့် ၂၀၂၀ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ရခိုင်ပြည် မြောက်ဦးနှင့်ကျောက်တော်မြို့နယ်များမှ ကျေးရွာအချို့ကိုပစ်မှတ်ထားတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အနည်းဆုံးအရပ်သား ၃ ဦး သေဆုံးသွားခဲ့ပြီး ၃၀ ဦး ခန့်ဒဏ်ရာရရှိသွားခဲ့သည်။ မြန်မာစစ်တပ်သည် ရခိုင်အရပ်သားများနေထိုင်သည့်ကျေးရွာများ၊ စစ်ပြေးရှောင်ဒုက္ခသည်စခန်းများနှင့် ပြည်သူ့ဆေးရုံများကိုပါပစ်မှတ်ထားလျှက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် မှုများပြုလုပ်ခဲ့ရာ ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာမှ မသိန်းစော (အသက် ၁၈ နှစ်)၊ မောင်ကျော်ဘု (အသက် ၂၃ နှစ်)၊ ဦးညွန့်လှ (အသက် ၅၆ နှစ်)တို့သေဆုံးသွားခဲ့ပြီး ကလေးငယ် ၄ ဦးနှင့်အခြားအရပ်သား ၃၀ ဦး ခန့်တို့ဒဏ်ရာရရှိသွားခဲ့ကြသည်။ သာစည်ကျေးရွာမှ အနည်းဆုံးလူနေအိမ်ခြေ ၁၄ လုံးခန့်မှာလည်းမီးလောင်ကျွမ်းသွားခဲ့ပေသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ မြန်မာစစ်တပ်သည် ကြည်းတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့်လည်းကောင်း၊ ရေတပ်မှအမြောက်များဖြင့်လည်းကောင်း၊ လေတပ်မှဗုံးကြဲလေယဉ်များ ရဟတ်ယဉ်များကိုအသုံးပြုလျှက်လည်းကောင်း၊ ရခိုင်ကျေးရွာ များကိုပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ လူနေအိမ်များအားမီးရှို့ခြင်း၊ အရပ်သားများအားဖမ်းဆီးခြင်း၊ နှိုက်စက်ညှင်းပမ်းခြင်း၊ သတ်ဖြတ်ခြင်း စသည့်စစ်ရာဇဝတ်မှုပေါင်းစုံကို ဆက်တိုက်ကျူးလွန်လျှက်ရှိနေပေသည်။ ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ကြားတွင် ဖြစ်ပွါးနေသည့်စစ်ကိုအကြောင်းပြကာ မြန်မာစစ်တပ်၏ ရည်ရွယ်ချက်ရှိရှိပစ်ခတ်သတ်ဖြတ်မှုများကြောင့်အနည်ဆုံး ရာနှင့်ချီသည့် ရခိုင်အရပ်သားပြည်သူများသေဆုံးသွားခဲ့ကြပြီဖြစ်သည်။ ရခိုင်ပြည် မြို့နယ်များစွာ၌ အင်တာနက်အဆက်အသွယ်ဖြတ်တောက်လျှက် သတင်းအမှောင်ချကာ မြန်မာစစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှုများကို စနစ်တကျနှင့်ဆက်လက်ကျူးလွန်လာလျှက်ရှိနေရာ ယခုအခါ ရခိုင်ပြည်အတွင်းစစ်ပြေးဒုက္ခသည်အရေအတွက်မှာလည်း တစ်သိန်းကျော်သွားခဲ့ပြီဖြစ်သည်။ အကူအညီများစွာလိုအပ်လျှက်ရှိနေသည့် စစ်ပြေးဒုက္ခသည်စခန်းများသို့ စားနပ်ရိက္ခာနှင့်ဆေးဝါးအကူအညီများ ပေးကမ်းထောက်ပံ့ရန်သွားရောက်လိုသည့် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ကိုလည်း စနစ်တကျနှင့်တင်းကျပ်စွာတားမြစ်ပိတ်ပင်ထားပေသည်။

ရခိုင်ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများအပေါ်ပစ်မှတ်ထားကာ လူမျိုးတုန်းသတ်ဖြတ်မှုတစ်ရပ်သို့ ရှေးရှုဦးတည်တိုက်ခိုက်နေသည့် မြန်မာစစ်တပ်၏ လူသားချင်းညှာတာထောက်ထားမှုကင်းမဲ့လွန်းစွာ စစ်ရာဇဝတ်မှုကျူးလွန်မှုများအပေါ် ကျွနှ်ုပ်တို့အမေရိကန်ရခိုင်လူမှုအဖွဲ့အစည်းအနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် အပြည်ပြည် ဆိုင်ရာများသို့အောက်ပါအချက်များကိုလေးနက်စွာတောင်းဆိုမှု ပြုပါသည် -

(၁) ရခိုင်ပြည်အတွင်း၌ စစ်မက်ဆိုင်ရာအခင်းအကျင်းများကိုရပ်တန့်ကာ မြန်မာ့စစ်ဖက်ဆိုင်ရာတို့၏ ဒေသတွင်း၌ အတောမသပ်နှိုင်အောင်ကျူးလွန်လျှက်ရှိသည့် စစ်ရာဇဝတ်မှုနှင့်လူ့အခွင့်အရေးချိုးဖေါက်မှုများအပေါ် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုခုံရုံးဖွဲ့စည်းလျှက် ပြစ်မှုကျူးလွန်သူများအား စစ်ရာဇဝတ်ခုံရုံး၌ ရုံးတင်စစ်ဆေးမှုပြုလုပ်နှိုင်ရေးအား ဦးတည်ဆောင်ရွက်ရန်။ (၂) ရခိုင်ပြည်အတွင်း၌ အင်တာနက်နှင့်အခြားလူမှုအဆက်အသွယ်များပိတ်ပင်ထားခြင်းကိုခြွင်းချက်မရှိရပ်တန့်ရန်။ (၃) စစ်ဘေးရှောင်ဒုက္ခသည်စခန်းများသို့ အကူအညီပေးရန်သွားရောက်သည့်ဒေသတွင်းနှင့်အပြည်ပြည်ဆိုင်ရာထောက်ပံ့ရေး အဖွဲ့အစည်းများအား အကန့်အသတ်မရှိလွတ်လပ်စွာသွားလာခွင့်ပြုရန်နှင့် ရခိုင်စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားသည့်ထောက်ပံ့ကူညီမှု များပြုလုပ်ရန်။ (၄) မြန်မာစစ်တပ်အနေဖြင့် ရခိုင်အရပ်သားမြို့ရွာများသို့လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများမပြုလုပ်နှိုင်ရန်။

14 views0 comments
bottom of page